Blogger Widgets

Monday, April 15, 2013

ဆံပင်သား အမျိုးအစားအလိုက် ထိန်းသိမ်းရအောင်


တိုတဲ့ဆံပင်၊ ရှည်တဲ့ဆံပင်၊ ကောက်တဲ့ ဆံပင်၊ ဖြောင့်တဲ့ ဆံပင်.. ဘယ်လို ဆံပင်ပုံပဲရှိရှိ ဆံပင်သား အမျိုးအစားအလိုက် ထိန်းသိမ်းဖို့  လိုပါတယ်။ ကောင်းမွန်တဲ့ အာဟာရ၊ ဦးရေပြားကို နှိပ်နယ်ပေးတာ၊ ဆေးလိပ်ငွေ့ ရှောင်ရှားမှုနဲ့ တခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အလေ့အထတွေဟာ ဦးရေပြားကို ကျန်းမာစေသလို ဆံပင်သားကို တောက်ပ ကြည့်ကောင်းစေပါတယ်။
သင့်ဆံပင်သားက အဆီပြန်နေလျှင်
သင့်ဆံပင်က အဆီပြန်ရင် နေ့စဉ် ခေါင်းလျှော်သင့်ပါတယ်။ အထူးသဖြင့် အဆီပြန်တဲ့ ဆံပင်သားအတွက် သီးသန့်ထုတ်ထားတဲ့ ရှမ်ပူမျိုးကို ရွေးသုံးပါ။ အဆီဓာတ်ပါတဲ့ ဆံပင်လိမ်းပစ္စည်းကို ရှောင်သင့်ပါတယ်။
သင့်ဆံပင်သားက ခြောက်သွေ့နေလျှင်
မကြာခဏ ခေါင်းမလျှော်ပါနဲ့။ ခေါင်းလျှော်မယ်ဆိုရင် အစိုဓာတ်ထိန်းနိုင်တဲ့ ရှမ်ပူမျိုးကို ရွေးသုံးသင့်ပါတယ်။
သင့်ဆံပင်သားမှာ အဖြူဖတ်ကပ်နေလျှင်
ဦးခေါင်းမှာ ဗောက်ထနေတာ ဖြစ်နိုင်ပါတယ်။ ဗောက်ပျောက်စေမယ့် ရှမ်ပူမျိုးရွေးသုံးပါ။ တကယ်လို့ ဗောက်မပျောက်ရင် ပိုပြီး ထိရောက်မှု ရှိစေမယ့် ခေါင်းလျှော်ရည် အမျိုးအစားကို ရွေးသုံးနိုင်ဖို့ အရေပြား ဆရာဝန်ကို မေးမြန်းပါ။
သင့်ဆံပင်ကို အရောင်ဆိုးမည်ဆိုလျှင်
အရင်ဆုံး ဆံပင်ဆိုးဆေးဘူးမှာပါတဲ့ အညွှန်းစာကို သေချာဖတ်ပါ။ အထူးသဖြင့် သတိပေးချက်ကို စနစ်တကျဖတ်ပြီး လိုက်နာဖို့ လိုပါတယ်။ ဆံပင်အရောင် မဆိုးခင် ဆံပင်ဆိုးဆေးနဲ့ တည့်မတည့်သိအောင် အရင်စမ်းသပ်ပါ။ ဆံပင်ဆိုးဆေး တစ်စက်ကို သင့်လက်တံတောင်ရဲ့ အတွင်းဘက် အရေပြား ဒါမှမဟုတ် နားနောက်ကို တို့ကြည့်ပါ။ နှစ်ရက်လောက် ထားကြည့်လို့ နီမြန်းတာ၊ ယားတာ၊ အဖုပေါက်တာတို့ မဖြစ်မှ ဆံပင်အရောင်ဆိုးပါ။ တကယ်လို့ ဓာတ်မတည့်တဲ့ လက္ခဏာတွေ ပေါ်လာရင် ဆံပင်ဆိုးဆေးကို မဆိုးပါနဲ့။
သင့်ဆံပင်ကို ဖြောင့်စေလိုလျှင်
ဆံပင်ဖြောင့်လိုတယ်ဆိုရင် ခေါင်းလျှော်ရည်ကို ဖြောင့်ဆေးပါတဲ့ အမျိုးအစား ရွေးသုံးသင့်ပါတယ်။ ပြီးရင် ကွန်ဒီရှင်နာသုံးကာ ရေဆေးချလိုက်ပါ။ ခေါင်းလျှော်ထားစ ဆံပင်ကို ဘီးကုပ်ကုပ်တာ၊ စည်းနှောင်ထားတာမျိုး မလုပ်ပါနဲ့။
လေမှုတ်စက်၊ ကောက်စက်နှင့် ဓာတုပစ္စည်းများသုံးလျှင်
ဆံပင်အခြောက်ခံစက်၊ ကောက်စက်နဲ့ ဓာတုပစ္စည်းတွေကို အလွန်အမင်း မသုံးပါနဲ့။ ဒါတွေက ဆံပင်ကို ခြောက်သွေ့တာ၊ ပြတ်တောက်တာတို့ ဖြစ်စေနိုင်ပါတယ်။ နေ့စဉ်အသုံးပြုတာမျိုးကို ရှောင်ပါ။
ရေကူးသူဖြစ်လျှင်
ရေကူးကန်ထဲမှာ ခတ်ထားတဲ့ ကလိုရင်းဓာတ်ဟာ ဆံပင်သားကို ထိခိုက်စေနိုင်ပါတယ်။ ဆံပင်သားကို ကလိုရင်းကြောင့် ထိခိုက်မှုမဖြစ်စေဖို့ ခေါင်းစွပ်စွပ်ပြီး ရေကူးပါ။ ဒါမှမဟုတ် ရေကူးပြီးချိန်မှာ ဆံပင်သားကို ရေနဲ့ချက်ချင်း ဆေးချလိုက်ပါ။

ကြယ်စင်
Good Health

No comments:

Post a Comment