Blogger Widgets

Tuesday, April 23, 2013

မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ဘ၀ (အရှင်ဆန္ဒာဓိက-ရွှေပါရမီတောရ)


(၁) ဇီဝိတ - ဘယ်အသက်အရွယ်မှာ သေမယ်ဆိုတာလည်း မသိနိုင်ကြဘူး။
…သတ္တ၀ါတွေဟာ ဘယ်အသက်အရွယ်ထိပဲ နေရတယ်၊ ဘယ်အသက်အရွယ်ရောက်လို့ရှိရင် အားလုံးသေကြရတယ်လို့ သတ်မှတ်ချက် မရှိပါဘူး။ အမိဝမ်းအတွင်းမှာလည်း ကလလရေကြည် အခိုက်မှာပဲ ဖြစ်ဖြစ်၊ ရေမြှုပ်ဖြစ်နေတဲ့အခိုက်မှာပဲဖြစ်ဖြစ်၊ အသားတစ်ဖြစ်နေတဲ့အခိုက်မှာပဲဖြစ်ဖြစ်၊ စသည်အားဖြင့် အမိဝမ်းအတွင်းမှာလည်း အချိန်အမျိုးမျိုးမှာ သေဆုံးသွားနိုင်တာပဲ။

…အမိဝမ်းက ထွက်လာပြန်တော့လည်း တစ်နာရီ၊ နှစ်နာရီစတဲ့ နာရီပိုင်းအတွင်း၊ တစ်ရက်၊ နှစ်ရက် စတဲ့ ရက်ပိုင်းအတွင်း၊ တစ်ပတ်၊ နှစ်ပတ်စတဲ့ အပတ်ပိုင်းအတွင်း၊ တစ်နှစ်၊ နှစ်နှစ်စတဲ့ နှစ်ပိုင်းအတွင်း စသည်အားဖြင့် ဘယ်အသက်အရွယ်မှာမဆို သေဆုံးသွားနိုင်တာပဲ။

…ဘယ်အသက်အရွယ်မှာမဆို သေဆုံးသွားနိုင်တဲ့အတွက်ကြောင့် လူသားအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ဘယ်အသက်အရွယ်မှာ သေရမယ်ဆိုတာကိုလည်း ကြိုတင်ပြီးတော့ မသိနိုင်ကြဘူး။

(၂) ဗျာဓိ - ဘယ်အနာရောဂါနဲ့ သေဆုံးရမယ်ဆိုတာကိုလည်း မသိနိုင်ဘူး။
…သတ္တ၀ါတွေဟာ ဘယ်အနာရောဂါနဲ့ပဲ သေဆုံးကြတယ်ဆိုတဲ့ အတိအကျ သတ်မှတ်ချက် မရှိဘူး။ မျက်စိနဲ့ပတ်သက်တဲ့ အနာရောဂါနဲ့လည်း သေနိုင်သလို၊ နားနဲ့ပတ်သက်တဲ့ အနာရောဂါ၊ နှာခေါင်းနဲ့ ပတ်သက်တဲ့ အနာရောဂါ၊ လျှာနဲ့ပတ်သက်တဲ့ အနာရောဂါ၊ ကိုယ်နဲ့ပတ်သက်တဲ့ အနာရောဂါ၊ စိတ်နဲ့ ပတ်သက်တဲ့ အနာရောဂါ စသည်အားဖြင့် ဘယ်အနာရောဂါမျိုးနဲ့မဆို သေဆုံးသွားနိုင်တယ်။

…အနာရောဂါ တစ်ခုတည်းသာမကဘဲ တစ်ခုထက်များတဲ့ အနာရောဂါတွေနဲ့လည်း သေဆုံးသွားနိုင် တာပဲ။ တစ်ယောက်နဲ့တစ်ယောက် သေဆုံးရမယ့် အနာရောဂါတွေကလည်း မတူကြဘူး။ ဘယ်အနာ ရောဂါမျိုးနဲ့မဆို သေဆုံးသွားနိုင်တဲ့အတွက် လူသားအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ဘယ်အနာရောဂါနဲ့ သေဆုံးရမယ်၊ မိမိသေလွန်တဲ့အချိန်မှာ ဘယ်အနာရောဂါဖြစ်မယ်ဆိုတာကိုလည်း ကြိုတင်ပြီးတော့ မသိနိုင်ကြဘူး။

(၃) ကာလ - သေရမယ့် အချိန်ကိုလည်း မသိနိုင်ဘူး။
…သတ္တ၀ါတွေဟာ မနက်ပိုင်းအချိန်မှာပဲ သေကြတယ်၊ ကျန်တဲ့အချိန်တွေမှာ မသေကြဘူးလို့ ဒီလိုသတ်မှတ်ချက် မရှိပါဘူး။

…မနက်ပိုင်းအချိန်မှာလည်း သေနိုင်သလို နေ့လယ်ပိုင်းအချိန်မှာလည်း သေနိုင်တယ်၊ ညနေပိုင်း အချိန်မှာလည်း သေနိုင်တယ်၊ ညပိုင်းအချိန်မှာလည်း သေနိုင်တယ်။ ထမင်းစားရင်းလည်း သေနိုင် သလို ရေသောက်ရင်းလည်း သေသွားနိုင်တယ်။ ဘုရားရှစ်ခိုးရင်းနဲ့လည်း သေဆုံးသွားနိုင်သလို သတင်းစာဖတ်ရင်း တန်းလန်းနဲ့လည်း သေချင် သေသွားနိုင်တာပါပဲ။

…ဘယ်အချိန်မှာမဆို သေဆုံးသွားနိုင်တဲ့အတွက်ကြောင့် လူသားအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ဘယ်အချိန်မှာ သေဆုံးရမယ်ဆိုတာ ကြိုတင်ပြီး မသိနိုင်ကြပါဘူး။

(၄) ဒေဟနိက္ခေပန - သေပြီးတဲ့နောက် မိမိရဲ့အလောင်းကောင်ကို ဘယ်နေရာမှာ ပစ်ချခံရမလဲ ဆိုတာကိုလည်း မသိနိုင်ဘူး။
…သတ္တ၀ါတွေဟာ သေဆုံးသွားတဲ့အခါမှာ နေရာတစ်နေရာတည်းမှာပဲ အလောင်းကောင်ပစ်ချခံ ရတယ်လို့ အတိအကျ သတ်မှတ်ချက် မရှိဘူး။ ရေထဲမှာ မွေးတဲ့ပုဂ္ဂိုလ်က ကုန်းပေါ်မှာ အလောင်း ပစ်ချခံချင်ခံရမယ်။ ကုန်းပေါ်မှာ မွေးတဲ့ပုဂ္ဂိုလ်က ရေထဲမှာ အလောင်းပစ်ချခံချင်ခံရမယ်။ ရွာမှာ မွေးတဲ့ပုဂ္ဂိုလ်က မြို့မှာ အလောင်းပစ်ချခံချင်ခံရမယ်၊ မြို့မှာမွေးတဲ့ပုဂ္ဂိုလ်က တောမှာ အလောင်း ပစ်ချခံချင်ခံရမယ်၊ စသည်အားဖြင့် ဘယ်နေရာမှာမဆို မိမိရဲ့ အလောင်းကောင်က ပစ်ချခံရနိုင်တယ်။

…အရင်တုန်းကဆို ရန်ကုန်မှာနေတဲ့ ပုဂ္ဂိုလ်တွေက ငါသေရင် ငါ့အလောင်းကို ကြံတောသုသာန်မှာ ပစ်ချခံရမှာ သေချာတယ်လို့ အတပ်ပြောချင်ပြောကြလိမ့်မယ်။ အခုတော့ ကြံတောသုသာန်လည်း မရှိတော့တဲ့အတွက် အဲဒီပုဂ္ဂိုလ်တွေရဲ့ တွေးဆပြောဆိုချက်ဟာ ဘယ်နည်းနဲ့မှ ​မမှန်နိုင်တော့ဘူးနော်။

…ဘယ်နေရာမှာမဆို၊ ဘယ်သုသာန်မှာမဆို အလောင်းကောင်ကို ပစ်ချခံရနိုင်တဲ့အတွက်ကြောင့် လူအပါအ၀င် သတ္တ၀ါတွေဟာ ကိုယ့်ကိုယ်ကို ငါသေရင် ငါ့အလောင်းကောင်ကို ဘယ်နေရာမှာ ပစ်ချ ခံရမယ်၊ စွန့်ပစ်ခံရမယ်ဆိုတာကိုလည်း ကြိုတင်ပြီး မသိနိုင်ကြပါဘူး။

(၅) ဂတိ - သေလွန်ပြီးတဲ့နောက် ဘယ်ဘ၀ကို လားရောက်ရမယ်၊ ဘယ်ဂတိကို သွားရမယ်ဆိုတာ ကိုလည်း ကြိုပြီးတော့ မသိနိုင်ဘူး။
…သတ္တ၀ါတွေဟာ သေဆုံးပြီးသွားရင် ဘယ်ဂတိတစ်ခုကိုပဲ သွားရတယ်လို့ အတိအကျ ပုံသေ ကန့်သတ်ချက် မရှိပါဘူး။ ဥပမာဆိုပါတော့- လူတွေ သေသွားလို့ရှိရင် လူပဲ ပြန်ဖြစ်တယ်လို့ ဒီလို အတိအကျ ကန့်သတ်ချက် မရှိပါဘူး။ လူသေလို့ရှိရင် လူလည်း ပြန်ဖြစ်နိုင်သလို နတ်လည်း ဖြစ်နိုင်တယ်။ ငရဲလည်း ကျသွားနိုင်တယ်။ တိရစ္ဆာန်လည်း ဖြစ်နိုင်တယ်၊ ပြိတ္တာလည်း ဖြစ်နိုင်တယ်။ ဂတိငါးမျိုးမှာ တစ်မျိုးမျိုး ဖြစ်နိုင်တယ်။

…နတ်တွေ သေသွားလို့ရှိရင် နတ်ပဲပြန်ဖြစ်တယ်လို့ ဒီလို အတိအကျ ကန့်သတ်ချက်လည်း မရှိဘူး။ နတ်တွေ သေလွန်ပြီးတော့ နတ်ပြန်ဖြစ်တဲ့သူလည်း ရှိမယ်၊ လူဖြစ်တဲ့သူလည်း ရှိမယ်၊ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ ဖြစ်တဲ့သူလည်း ရှိမယ် စသည်အားဖြင့်ပေါ့။ ဂတိငါးမျိုးမှာ တစ်မျိုးမျိုး ဖြစ်နိုင်တယ်။ အသူရကာယ်ကို ပြိတ္တာမှာ သွင်း၊ ဗြဟ္မာကို နတ်မှာ သွင်းပြီး ဂတိငါးမျိုး (လားရာဘ၀ငါးမျိုး) ရှိပါတယ်။

…ရဟန္တာမှအပ သတ္တ၀ါတွေ သေဆုံးပြီးတဲ့အခါမှာ (၁) ငရဲ (၂) တိရစ္ဆာန် (၃) ပြိတ္တာ (၄) လူ (၅) နတ် လို့ခေါ်တဲ့ ဂတိငါးပါးမှာ တစ်ပါးပါးသို့ လားရောက်ရမှာဖြစ်တဲ့အတွက်ကြောင့် လူအပါအ၀င် သတ္တ၀ါ တွေဟာ သေဆုံးသွားတဲ့အခါမှာ ကိုယ့်ကိုယ်ကို ဘယ်ဘ၀၊ ဘယ်ဂတိကို လားရောက်ရမယ်ဆိုတာ ကိုလည်း ကြိုတင်ပြီးတော့ မသိနိုင်ကြပါဘူး။ လူသားအားလုံး၊ လူသားအပါအ၀င် သက်ရှိသတ္တ၀ါအားလုံးဟာ မသိခြင်းငါးပါးနဲ့ အသက်ရှင်နေကြ ရတဲ့ သနားစရာ သတ္တ၀ါတွေ ဖြစ်ပါတယ်။
(၁)  ဘယ်အသက်အရွယ်မှာ သေမလဲ။
(၂)  ဘယ်အနာရောဂါနဲ့ သေမလဲ။
(၃)  ဘယ်အချိန်မှာ သေမလဲ။
(၄)  အသေကောင်ကို ဘယ်သုသာန်မှာ စွန့်ပစ်ခံရမလဲ။
(၅)  သေပြီးရင် ဘယ်ဘ၀ရောက်မလဲ။

…ဒီငါးပါးကို လူသားတွေ၊ လူသားအပါအ၀င် သတ္တ၀ါတွေ မသိနိုင်ကြပါဘူး။ ဒီမသိခြင်းငါးပါးက လူသားအားလုံး၊ သက်ရှိသတ္တ၀ါ အားလုံးကို လွှမ်းမိုးနှိပ်စက်နေပါတယ်။ လူသားအားလုံးဆိုတာက ယေဘုယျအနေနဲ့ အများစုကို ခြုံငုံပြောတာပါ။ အနည်းစုအနေနဲ့ တရားတန်ခိုးရှိသူ၊ တရားစွမ်းအား ကြီးမားသူ သူတော်ကောင်းပုဂ္ဂိုလ် တချို့ကတော့ သိနိုင်ကြပါတယ်။

…အထူးသဖြင့် အာနာပါနကမ္မဋ္ဌာန်းကို အောင်မြင်ပေါက်မြောက်အောင် အားထုတ်ထားတဲ့ ပုဂ္ဂိုလ်များဟာ မိမိသေရမယ့်အချိန်ကို ကြိုတင်ပြီးတော့ အတိအကျ သိနိုင်ကြပါတယ်။ အချိန်ကို သိသလို ကျန်တဲ့ အချက်လေးချက်ကိုလည်း ကျွဲကူးရေပါ သိနိုင်ကြပါတယ်။

…အနည်းဆုံး သောတာပန်ဖြစ်ပြီးတဲ့ ပုဂ္ဂိုလ်များဟာ “ငါသေလွန်ပြီးရင် အပါယ်လေးပါး မလားရောက် ရတော့ဘူး။ လူ၊ နတ်၊ ဗြဟ္မာ ကောင်းရာသုဂတိကိုသာ လားရောက်ရတော့မယ်” လို့ သေချာပေါက် ပြောနိုင်ကြပါတယ်။ ဒါပေမယ့် ကောင်းရာသုဂတိဘုံတွေက အများကြီးရှိတာမို့ ဘယ်ဘုံကို ရောက်ရမယ်ဆိုတာကိုတော့ အတိအကျ သိဖို့ မလွယ်ပါဘူး။

…ဒါကြောင့် ဘာပဲဖြစ်ဖြစ်၊ မပြောပလောက်တဲ့ ပုဂ္ဂိုလ်အနည်းစုကသာ သိနိုင်ကြ၊ သိပြန်တော့လည်း တစ်စိတ်တစ်ဒေသလောက်သာ သိနိုင်ကြတာမို့ တစ်စိတ်တစ်ဒေသလောက်သာ သိနိုင်ကြတဲ့ ပုဂ္ဂိုလ်​အနည်းစုကို စကားထဲ ထည့်ပြောမနေတော့ဘဲ ချွင်းချက်အနေနဲ့ ချန်လှပ်ထားခဲ့ပြီး…..

…လူသားအားလုံး၊ သက်ရှိသတ္တ၀ါအားလုံး မသိခြင်းငါးပါးနဲ့ အသက်ရှင်နေကြရတယ်လို့ ဆိုလိုက်ရင် စကားကတ်ချင်သူများ စောဒကတက်နေဖို့ လိုမယ်မထင်တော့ပါဘူး။

…ကိုယ့်ကိုယ်ကို သိလှပြီ၊ တတ်လှပြီလို့ အထင်ရောက်၊ ဘ၀မောက်နေကြတဲ့ ပုဂ္ဂိုလ်များ ကိုယ့်ဘ၀ကိုယ် မသိခြင်းငါးပါးနဲ့ အသက်ရှင်နေရတဲ့ ဘ၀လို့ နားလည်သဘောပေါက်ခဲ့မယ်ဆိုရင် အခြောက်တိုက် မာန်မာနတက်နေစရာ မလိုတော့ဘူး ထင်ပါတယ်။

…မသိခြင်းငါးပါးကိုသာ လူသားအားလုံး သတိရကြမယ်ဆိုရင် ဒီကမ္ဘာလောကကြီးထဲမှာ တစ်ကိုယ်ကောင်းဆန်မှုတွေ၊ ကိလေသာသောင်းကျန်းမှုတွေ နည်းပါးသွားမှာ သေချာပါတယ်။
ဇီဝိတံ ဗျာတိ ကာလော စ၊
ဒေဟနိက္ခေပနံ ဂတိ။
ပဉ္စေတေ ဇီဝလောကသ္မိံ ၊
အနိမိတ္တာ န နာယရေ။

အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

No comments:

Post a Comment