Blogger Widgets

Tuesday, April 16, 2013

စေတီအကြောင်း သိကောင်းစရာ




ဘုရားသို့မှန်းခြေတလှမ်း သိန်းသန်းမကထိုက် လှူသူ၊ ဖူးသူ၊ ပေးဝေသူ၊ နတ်လူဘုံသို့ဆိုက် ဆိုသော လင်္ကာလေးကို သဘောပေါက်လာပါလိမ့်မည်။ ထို့အပြင်စေတီတော်မှ ညွှန်ပြသောသင်္ကေတများ မှဟောပြောနေသော တရားတော်များကို ဆင်ခြင်နှလုံးသွင်းနိုင်ပါက ပါရမီရင့်သန်ပြီးသူဖြစ်ပါကဘုရားဖူး ရင်းပင်နိဗ္ဗာန်ရနိုင်ကြောင်းပြော မည်ဆိုပါကလွန် အံ့မထင်.....။


စေတီဆိုတဲ့ ဝေါဟာရ

စေတီဆိုတဲ့ဝေါဟာရက ဗုဒ္ဓဘုရားရှင်မပွင့်ထွန်းခင်ကတည်းကအိန္ဒိယနိုင်ငံမှာရှိနေခဲ့ပါတယ်။ ဝေသာလီပြည် ကြီးရဲ့အနီးပတ်ဝန်းကျင်မှာ အမျိုးမျိုးသောအရာဌာနတွေကို စေတီသမုတ်ပြီးကိုးကွယ်ခဲ့တာကြောင့် စေ တီတွေများစွာရှိခဲ့ပါတယ်။ အချို့စေတီတွေကတော့ နတ်ဘီလူးကြီးများကိုရည်မှတ်ပြီး တည်ဆောက်ထားတဲ့ နတ်ကွန်းတွေဖြစ်ပါတယ်။ အချို့တော့နတ်ကြီးတယ်ဆိုပြီး မခူးကြနဲ့၊ မဖျက်ဆီးကြနဲ့ စသည်ဖြင့်သီးခြား သတ်မှတ် ထားတဲ့ဥယျာဉ်ကြီးတွေဖြစ်ပါတယ်။ အချို့စေတီတွေဟာတောင်တွေဖြစ်ပါတယ်။ အချို့ ကတော့တော တွေဖြစ်ပါတယ်။

စေတီဆိုတဲ့ အဓိပ္ပာယ်

စေတီဆိုတဲ့အဓိပ္ပာယ်မှာ အရိုအသေပြုအပ်သောအရာ၊ ဌာနအားလုံးပါဝင်ပါတယ်။ အဲဒါကြောင့်ကျွန်တော် ကတော့ မြန်မာလိုပြန်ရင် အရိုအသေပြုအပ်သော သင်္ကေတဆိုတာပဲသင့်တော်မယ်ထင်ပါတယ်။


ထေရဝါဒဗုဒ္ဓသာသနာပြင်ပမှ စေတီများ


ဟိန္ဒူ ဘုရားစေတီများ ၊ ဒီနေ့ခေတ် Holy City တွေအဖြစ် သတ်မှတ်ခံထားရတဲ့လာဆာ၊ မက္ကာ၊ ဂျေရုဆင် တို့လို မြို့တော်တွေဟာလည်း သက်ဆိုင်ရာဘာသာဝင်တို့ရဲ့ အရိုအသေပေးရာ ဌာနတွေ ဖြစ်လို့ အထက် ကပြော ခဲ့တဲ့အဓိပ္ပာယ်ဖွင့်ဆိုချက် အတိုင်းပြောရရင် စေတီခေါ်ထိုက်ပါတယ်။ (အခုပြောခဲ့တဲ့ စေတီတွေ ကတော့ ထေရဝါဒဗုဒ္ဓသာသနာ ပြင်ပက စေတီတွေပါ )


ထေရဝါဒဗုဒ္ဓသာသနာတွင်းက စေတီ(၄)မျိုး

ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အရိုအသေအလေးအမြတ်ပြုကြတဲ့ သာသနာတွင်းစေတီတွေကတော့ အား လုံးသိကြတဲ့အတိုင်း ၄-မျိုးရှိပါတယ်။

(၁) ဓာတုစေတီ-ဘုရား၊ ရဟန္တာများ၏ ဓာတ်တော်များ
(၂) ဓမ္မစေတီ-ဘုရားရှင် ဟောကြားခဲ့သောတရားတော်များ
(၃) ပရိဘောဂစေတီ- ဘုရားရှင် သက်တော်ထင်ရှားရှိစဉ်က သုံးဆောင်ခဲ့သော အသုံးအဆောင်များ
(၄) ဥဒ္ဒိဿကစေတီ- ဘုရားရှင်ကို ရည်မှန်းပြီး ထုလုပ်ထားသော ရုပ်ပွားဆင်းတုတော်များ


ထေရဝါဒဗုဒ္ဓဘာသာဝင်တွေအနေနဲ့ အလေးအမြတ်ပြုတဲ့ နေရာဌာနတွေလည်း ရှိသေးပါတယ်။ အဲဒါတွေ ကတော့ ဗုဒ္ဓဂါယာအစရှိတဲ့ သံဝေဇနိယ လေးဌာနတို့ပါပဲ။

ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ အနေနဲ့အထက်ကဖော်ပြခဲ့တဲ့ စေတီတွေ၊ သံဝေဇနိယလေးဌာနလို နေရာတွေ အရိုအသေပေးကြ၊ ကိုးကွယ်ကြတဲ့အခါမှာလည်းနည်းလမ်းမှန်ဖို့ အရေးကြီးလှပါတယ်။ ဗုဒ္ဓရှင်တော်မရှိတော့
တဲ့နောက်ပိုင်းကျမှ ဗုဒ္ဓရှင်တော်အမှတ်တရအဖြစ်နဲ့ သင်္ကေတပြုထားတဲ့အရာတွေကိုမဆိုထားနဲ့ ဗုဒ္ဓရဲ့ သက်ရှိထင်ရှား ကိုယ်ကာယကြီးကို ကိုးကွယ်တာတောင်နည်းမှန်လမ်းမှန်မဟုတ်ရင် ဗုဒ္ဓကအားမပေးခဲ့ပါ ဘူး။ ကဲ့ရဲ့တော်မူခဲ့ပါတယ်။


ကိုးကွယ်ပုံနည်းလမ်းမမှန်တဲ့အခါ

ဓာတ်တော်စစ်တွေ၊ ပရိဘောဂအစစ်တွေရှိနေသော်လည်း ဗုဒ္ဓရှင်တော်နဲ့လုံးဝမလွဲတစ်ထေရာတည်းတူတဲ့  ပုံတော်ထုလုပ်ထားလည်းအကျိုးများမှာ မဟုတ်ပါဘူး။ ဂါယာအစရှိတဲ့ဒေသတွေကိုသွားလည်း ငွေကုန်လူ ပန်းတာက လွဲလို့ သံသရာအတွက် အကျိုးမများပါဘူး။ ဂါယာက ပြန်လာလို့လည်း ဘာမှ မဖြစ်ပါဘူး။

ကျွန်တော်နားလည်သလိုပြောရရင် ထေရဝါဒဗုဒ္ဓဘာသာဝင်တို့ရဲ့ စေတီကိုးကွယ်ခြင်းဟာ ဗုဒ္ဓဘုရားရှင်ဆီ ကကယ်တင်ခြင်းတစုံတရာကို လိုချင်လို့၊ ကောင်းချီးမင်္ဂလာမြှောက်စားခြင်း တစုံတရာ လိုချင်လို့မဟုတ် တာတော့ သေချာပါတယ်။


မြန်မာပြည်မှ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုရားစေတီ များ နှင့် ဗိသုကာပညာရပ်

ဂေါတမဗုဒ္ဓသာသနာ၏ ပထမဦးဆုံးသော ထေရ၀ါဒဗုဒ္ဓဘာသာစေတီ၊ ဂေါတမဗုဒ္ဓသာသနာ၏ ပထမဦး ဆုံးသော ထေရ၀ါဒဗုဒ္ဓဘာသာစေတီမှာ မြန်မာနိုင်ငံ ရန်ကုန်မြို့ ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးဖြစ်ပါတယ်..။
(မှတ်ချက်။ ဤစေတီတော်သမိုင်းနှင့်ပတ်သက်၍ ရွှေတိဂုံဘုရားသမိုင်းစာအုပ်တွင် အသေးစိပ်ဖတ်ရှုနိုင် သည့်အတွက် ယခုမဖော်ပြတော့ပါ.....။) ဒါကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာစေတီကိုရည်ညွှန်းတဲ့အခါမှာ ရွှေ တိဂုံစေ တီတော်မြတ်ကြီးနဲ့သာ ကိုးကားဖော်ပြလိုပါတယ်...

ဗိသုကာပညာရပ်တစ်ခုအနေဖြင့် လေ့လာကြည့်မည်ဆိုပါက ရွှေတိဂုံစေတီတော်မြတ်ကြီးသည် မြန်မာတို့  ၏သီးခြားဗိသုကာလက်ရာစင်စစ် ဖြစ်သည်ဆိုသည်ကို အောက်ပါအချက်များအရ သိရှိနိုင်ပါသည်...။


၁. ရွှေတိဂုံဘုရားသည် အပေါ်မှ မိုးကြည့်လျှင် ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို လေးထောင့်ကျကျ စတုရန်းပုံဆောက်လုပ်ထားပါတယ်.(ဟိန္ဒူဘုရားစေတီများသည် အောက်ခြေအုတ်ခုံကို ဖြစ်စေ၊ မြေပေါ်ပိုင်း
အဆောက်အဦးကိုဖြစ်စေ၊ အ၀ိုင်းပုံနှင့်အခုံးပုံကို အခြေခံပြီးဆောက်လုပ်ထားကြောင်း တွေ့ရှိရမှာဖြစ်ပါ တယ်)


၂. ပန်းတင်ခုံပေါ်တွင်မှ ပစ္စယာသုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကိုဆဌဂံမှ အဆင့်ဆင့် အဌဂံပုံသို့ ပြောင်းလဲတည်ဆောက်ထားပါတယ်..။ ရည်ရွယ်ချက်မှာ စတုရန်းမှ စက်ဝိုင်းပုံသို့ ပြောင်းလဲ သွားဟန်ကို မျက်စိပသာဒ ဖြစ်ဖွယ်ပညာသားပါပါ ပြေပြေလေး ပြောင်းလဲယူခြင်းဖြစ်ပါတယ်..


၃. ပစ္စယာသုံးဆင့်ပေါ်တွင် အမျှဝေခြင်းအထိမ်းအမှတ် ခေါင်းလောင်းမှောက်ကိုတည်ထား ရာခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး ခေါင်းလောင်းစည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ခြင်း၊ အခုံးနဲ့အခွက် ကို ကြည့်သူရဲ့အမြင်တွင် သဟဇာတဖြစ်အောင်ဆက်ထားပုံကို ပညာရှင်များအနေနဲ့  အတုယူကြရပါတယ်။


၎. ခေါင်းလောင်းမှောက်ရဲ့အထက်တွင် ကြာမှောက်၊ ကြာလှန်ကိုတည်ထားပုံမှာလည်း သည်သဘောတရား ပင်ဖြစ်ပါသည်။


၅. ငှက်ပျောဖူးတွင် အထက်သို့ရှူးတက်သွားပြီးမှ ထိပ်ဆုံးတွင်ထီးတော်နဲ့ပြန်အုပ်ထားသော ဒီဇိုင်းမှာလည်း ဖူးမြော်သူရဲ့စိတ်ကိုထိပ်ဆုံးသို့ အာရုံစုစည်းစေပြီးမှ ထီးတော်ကိုကြည်ညိုနိုင်စေရန် ဆွဲဆောင်သောလက် ရာမြောက်သည့် ဗိသုကာပညာရပ်တစ်ခုဖြစ်ပါတယ်။


၆. ပုထိုးတော်ဒီဇိုင်းဖြစ်သော အာနန္ဒာဘုရားသည် ထိပ်ပိုင်းကဟိန္ဒူဒီဇိုင်းဟုထင်ရသယောင်၊ ဆင်သယောင် ရှိသော်လည်း လိုဏ်သုံးထပ်လုပ်ထားပုံမှာလုံးဝမတူခြားနားခြင်းရဲ့သက်သေဖြစ်၊ ရွှေတိဂုံကဲ့သို့မတည်ရခြင်း မှာ အပူပိုင်းဒေသရပ်ဝန်းတွင် တည်ရသည့်အတွက် ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကိုဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့တည်ခြင်း၊ လိုဏ်နံရံများရှိ ကျောက်ပန်းဇကာများသည် အကောင်းဆုံး သက်သေဖြစ်ခြင်း၊ အပြင်ဘက်ဆုံးကျောက်ပန်းဇကာသည် ဖုန်စစ်ရန်၊ အလယ်နံရံရှိကျောက်ပန်း ဇကာ သည်နေရောင်စစ်ရန်ဖြစ်ပြီး အတွင်းဘက်ဆုံးရုပ်ပွားတော်များ တည်ထားရာ ဂန္ဓကုဋီ၏ နံရံရှိကျောက်ပန်း ဇကာသည်ကား လေပူစစ်ရန် ဖြစ်ကြောင်း ကျောက်ပန်းဇကာများရဲ့ ဒီဇိုင်းကို ကြည့်ပြီး သိနိုင်ခြင်း။


ရည်ရွယ်ချက်မှာ

ဘုရားဖူးလာသူသည် နေပူ၊ လေပူ၊ ဖုန်ထူတို့ကိုဖြတ်ပြီး ဘုရားဖူးလာရာတွင် ပုထိုးတော်ထဲသို့ ရောက် သည်နှင့် လူရော၊ စိတ်ပါအေးချမ်းတည်ငြိမ်သွားစေရန် ရည်ရွယ်ကြောင်း၊ နေပူထဲမှလာသော စိတ်ပျံ့ လွင့်နေသော ဘုရားဖူးသူကိုအလင်းရောင် စစ်ထားသောကြောင့် မှောင်သယောင်၊ အလင်းမှိန်သော ပု ထိုးတော်ထဲတွင် စိတ်ကိုတည်ငြိမ်စေပြီးမှ ရုပ်ပွားတော်ပေါ်တွင်သာ အလင်းကျရောက်နေ စေရန်စီစဉ် ထားသော ဗိသုကာလက်ရာကြောင့် အမှောင်ထဲတွင် လင်းနေသော ရုပ်ပွားတော်ကိုဖူးမြော်စေလေရာ ကြည်ညို သဒ္ဓါစိတ်ကို ဖြစ်ပေါ်စေခြင်း၊ စိတ်ပညာကိုပါအသုံးပြုကာ ဘုရားကို ထိုကဲ့သို့သော ပုံပန်း သဏ္ဍာန်ဖြင့် ဆောက်လုပ်သောဗိသုကာလက်ရာကို အရှေ့တောင်အာရှ တခွင်တွင်ရော၊ တကမ္ဘာလုံးတွင် ပါ မတွေ့ရှိရခြင်း၊ ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမကမည်သည့်လူမျိုး၊ ဘာသာရဲ့ အထိမ်းအမှတ်မှာမှ မမြင်ဖူးသောကြောင့် မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာလက်ရာ သည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ ဖြစ်ကြောင်း သိရှိနိုင်ပါသည်။


ဗုဒ္ဓဘာသာ

မြန်မာလူမျိုးများသည် ဘုရားစေတီပုထိုးများ သို့ပုံမှန်မဟုတ်တောင် မကြာခဏသွားလာ ဖူးမြော်ကြသည် ။ အထူးသဖြင့်နေ့ကြီး၊ ရက်ကြီးများတွင်လူငယ်၊ လူကြီးမရွေးဘုရားဖူးသွားကြလေသည်။ သူလိုကိုယ်လို ဘုရား ဖူးနေကျဖြစ်သောကြောင့် ဖူးမယ့် သာဖူးလိုက်သည်။ ဘုရားကိုဘာလို့ သည်လိုတည်ထား သလဲဆိုတာ၊ ဘုရားမှာ ဘာလို့သည်လိုနေရာ တွေထည့်ထားသလဲဆိုတာ သေချာစဉ်းစားရှာဖွေကြသူ အင်မတန်နည်း ပါသည်။ အမှုမဲ့၊ အမှတ်မဲ့ နေကြသူသာများပါသည်။ ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး သည်လိုပုံစံတည်ထား ရသလဲ။ ဘာကြောင့် ပစ္စယာကို ၃ဆင့် ထားရသလဲ။ ဘာကြောင့် ခေါင်းလောင်းမှောက်မှာ ရင်စည်းကို ဘာ
အဓိပ္ပာယ်နဲ့ ထည့်ထားသလဲ။ ဘုရားမှာဘာကြောင့် ကြောက်စရာဘီလူးပန်းဆွဲဆိုတဲ့ပုံနဲ့ ဗိသုကာလက်ရာ ပါနေရသလဲ။ ဖောင်းရစ်ကဘာလို့ ခုနှစ်ရစ်ဖြစ်နေရသလဲ။ ကြာကိုဘာကြောင့် မှောက်လိုက်၊ လှန်လိုက် ထည့်ထားရသလဲ။ ဘာကြောင့်ကြာပန်းကိုမှ ရွေးထည့်ရသလဲ.... စသည် စသည်ဖြင့်....။

ယခု ဤစာဖတ်နေသော.. မိတ်ဆွေကရော..။ (ကျနော်သည်လည်းဤသို့ အမှုမဲ့၊ အမှတ်မဲ့နေခဲ့ပါသည်။ မိမိ ၏ လေ့လာမှုအားနည်းခြင်းကြောင့် အခြားသောဘာသာခြား သူငယ်ချင်းများမှ မေးမြန်းသောအခါတွင် သီး သန့်အဓိပ္ပါယ်ရှိတယ်။ ဒါပေမယ့်မိမိမှာမသိသေးကြောင်း ၀န်ခံဖြေကြားခဲ့ရသည်ကများပါသည်။ ကဲ့ရဲ့သူများ ရှိသောအခါတွင်လည်း လူငယ်စိတ်ဖြင့်မခံချင်စိတ်များကြောင့် အချို့ သော ဥပမာများဖြင့် ပြဿနာကိုဖြေ ရှင်း ခဲ့ရသော်လည်း ရင်ထဲတွင် မကောင်းလှပါ..ကျေနပ်အားရမှု မရှိခဲ့ပါ )


ဘာကြောင့် ထေရ၀ါဒဗုဒ္ဓဘာသာစေတီတွေကို ယနေ့တွေ့ မြင်နေရသောပုံများအတိုင်း တည်ထားခဲ့ပါသလဲ
ထေရ၀ါဒ ဗုဒ္ဓဘာသာစေတီတစ်ခု၏ အောက်ပါအစိတ်အပိုင်းများနှင့် အမည်များကမည်သို့ သောအချက် များ ကို ရည်ညွှန်းနေကြသနည်း..


၁။ ပန်းတင်ခုံ
၂။ပစ္စယာ ၃ ဆင့်
၃။ခေါင်းလောင်းမှောက် ( သို့  ) သပိတ်မှောက်
၎။ဘီလူးပန်းဆွဲ
၅။ခါးစည်း ခေါ် ရင်စည်း ၃ ချောင်း
၆။ဖောင်းရစ် (၇)ရစ်
၇။ ကြာမှောက်
၈။ ရွှဲလုံး
၉။ ကြာလှန်
၁၀။ ငှက်ပျောဖူး
၁၁။ထီးတော်
၁၂။ငှက်မြားနှား
၁၃။ထီးတော်
၁၄။ စိန်ဖူးတော်

ယင်းတို့ အပြင် စေတီအနီးရှိ ဟင်္သာနားနေဟန် တံခွန်တိုင်ကို ဘာကြောင့် တည်ဆောက်ထားကြသလဲ....


၁. ပန်းတင်ခုံကိုအကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာလူ့စိတ်တွေထဲမှာလောကုတ္တရာနည်းနဲ့ပိုင်းခြား ရင် အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေအများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီးဥပမာပေးခြင်း၊ ဘုရားကိုပန်းကပ်လှူလိုသူတွေ ပန်းတင်လို့ရအောင် အမြင့်ခုံပုံဆောက်လုပ်ပေး ထားခြင်းကြောင့် ပန်းတင်ခုံဟု အမည်ပေးခြင်း။


၂. ပစ္စယာကို ၃ဆင့်ထားရခြင်းမှာ တဏှာ ၃ပါးခေါ် လိုချင်မှုအုပ်စု ၃စုကိုရည်ညွှန်းကြောင်း၊ ယင်းတို့မှာဘ၀ မရှိမှုကို လိုချင်ခြင်း (နိဗ္ဗာန်ကိုလိုချင်မှုဖြင့် မရနိုင်၊ အရာအားလုံးသူ့သဘောနဲ့ သူဖြစ်ပျက်မှုကိုသိပြီး အစွဲ ကျွတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကိုရနိုင်ပါသည်။ ထို့ကြောင့် အကျင့်တရားမရှိဘဲ နိဗ္ဗာန်ကိုလိုချင်ခြင်းသည် ဒိဌိတ မျိုး သာဖြစ်သည်။)၊ ဘ၀ကိုလိုချင်ခြင်း၊ ကာမဂုဏ်တရားများ (ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ) တို့ကို လိုချင်ခြင်းဟူသောလောကုတ္တရာနယ်ရဲ့ အောက်ခြေကတဏှာသုံးပါးကို သတိပေးရန် ပစ္စယာ ကို ၃ဆင့်ထားရခြင်း။


၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့အဓိပ္ပာယ်မှာ အထက်ပါသံသရာလည်စေကြောင်းအချက်များ ကို မပြုလုပ်၊ လက်မခံဟူသောအဓိပ္ပာယ်ဖြင့် သပိတ်မှောက်သည်၊ ခေါင်းလောင်းမှောက်သည်ဟု လမ်း ညွှန်ခြင်း။


၎. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန်ပန်းကို လှမ်းဆွဲစေချင်သည်ဟူသောသတိပေးချက် ကို ဘီလူးပန်းဆွဲဖြင့် ဥပမာပေးခြင်း၊ ပုံပန်းသဏ္ဍာန်၅ခုမြောက်တွင် ဘီလူးပန်းဆွဲကိုထားခြင်းမှာဥာဏ်စဉ် ၁၆ပါး ရှိသည့်အနက် ၅ဆင့်မြောက်ဘယဥာဏ်ကို ညွှန်းဆိုလိုသောကြောင့် သည်နေရာတွင်ဘီလူးပန်းဆွဲ ကို ထားခြင်း၊ (အထက် မြန်မာပြည်တွင် ဘီလူးကိုပါအောင်ထည့်ပြီး အောက်မြန်မာပြည်တွင်မူ ဘီလူးထားခြင်း အဓိပ္ပာယ်ကို တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကိုအပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင် မထားချင်သဖြင့် လည်းကောင်းဘီလူးမပါဘဲ ပန်းဆွဲကိုချည့်သာ ထည့်လေ့ရှိသည်ကို သီးခြားမှတ်သားနိုင်ပါ သည်။ ) သည်နေရာတွင် ပန်းဆွဲ ၁၆ခု ရှိနေသည်မှာ ရိပ်သာများတွင်ယောဂီများကို တရားစစ်ရာတွင်အ ဆင့်သတ်မှတ်သော သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ်မရခင် အခြေခံဥာဏ်စဉ် ၁၆ပါးကို ညွှန်းခြင်း။


၅. ခါးစည်းခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာမိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ၊ သမာဓိ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃မျိုးနှင့် ထိန်းကွပ်ရန် သတိပေးလိုခြင်း။


၆. ဖောင်းရစ် (၇)ရစ်မှာ ၀ိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း။


၇. စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ ကြာမှောက်ကိုထားခြင်းသည် တရားအားထုတ်နေသောယောဂီဖြစ် လျက်သောတာပတ္တိမဂ်ဥာဏ်၊ ဖိုလ်ဥာဏ်ရခါနီးဥာဏ်စဉ်၁၄ဆင့်မြောက်ရောက်နေစေဦးတော့ သံသရာအ တွက်စိတ်မချရသေးဘဲ ထိုအချိန်တွင်မကောင်းမှုအကုသိုလ်များကို မှောက်မှားစွာလုပ်မိနိုင်သေးကြောင်း၊ ထို သို့လုပ်မိပါက အောက်သံသရာအပါယ်လေးဘုံသို့ မှောက်မှောက်မှားမှားပြန်လည်ကျရောက်နိုင်သေးကြောင်း သတိပေးလိုခြင်း။


၈. ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား ဒဿနနယ်ကိုပြဆိုပြီး ဥာဏ်စဉ်အမှတ်၁၅နှင့် ၁၆ သည်အခြားမရှိ ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘ၀၊ လောကီနယ်မှ လောကုတ္တရာသားဘ၀၊ လော ကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း။


၉. ကြာလှန်သည် ထိုဥာဏ်စဉ် ၁၆ပါးလုံးကိုရရှိပြီးပါက သောတာပန် ဖြစ်ပြီဖြစ်ပြီး အောက်သံသရာကို ပြန် စရာမရှိတော့ဘဲ အထက်မဂ်ဖိုလ်များကို ရရှိကာအလွန်ဆုံးခုနှစ်ဘ၀သာ သံသရာမှာကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာဝင်စံရသောကြောင့် အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း။

သင်္ကေတ၀ါဒအရကြာပန်းကိုထားရခြင်းမှာ ရေမှာ၊ နွံမှာပေါက်ဖွားသောကြာပင်ဖြစ်လျက် ရေမစို၊ နွံမ လူး၊ မွှေးကြိုင်သင်းပျံ့ခြင်းရှိသောကြာပန်းကဲ့သို့ လောကီနယ်မှလူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင်ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်းတို့တွင် အဓိပ္ပာယ်ဆင်တူသောဂုဏ်ရည် ချင်းကို ဥပမာခိုင်းနှိုင်းလိုသောကြောင့် ကြာပန်းကိုသုံးခြင်းဖြစ်ကြောင်း၊ ဂေါတမ မြတ်စွာဘုရား ဗျာဒိတ်ခံ စဉ်တွင်လည်းကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်းကြာပွင့်များ အလိုလိုပေါ်လာကာခြေချရာတိုင်း ခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း။


၁၀. ငှက်ပျောဖူးဆိုတာ ငှက်ပျောတစ်ပင်ရဲ့နိဂုံး သင်္ကေတပါပဲ။ ပေတစ်သီး၊ ကျီးတစ်သား ငှက်ပျောတစ်ပင် တဲ့။ ငှက်ပျောတစ်ပင်ဟာ ငှက်ပျောဖူးထွက်လာပြီး ငှက်ပျောတခိုင်သီးပြီးတာနဲ့ သူ့ဘ၀ပြီးဆုံးရသလို ကြာ လှန် အဆင့်ဖြစ်တဲ့ (သံသရာမှာအောက်သံသရာကို လည်စရာမလိုတော့တဲ့ နိဗ္ဗာန်ရောက်ဖို့သေချာနေတဲ့)
သောတာပန်အဆင့်ကိုရောက်ပြီဆိုရင် သံသရာမှာဆက်ရှင်သန်ကျင်လည်စရာ မလိုတော့တဲ့အတွက် သံသ ရာ ပြီးဆုံးတဲ့အတွက် ငှက်ပျောဖူးနဲ့တင်စား တာပါတဲ့။ ငှက်ပျောဖူးပြီးရင်တော့အထက်မှာ ထီးတော်ပဲရှိတော့ တာမို့ထီးတော်နဲ့ကျန်တဲ့အစိတ်အပိုင်းတွေအကြောင်းကို အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်။ ပေဖူးပုံ မသုံးဘဲငှက်ပျောဖူး ပုံသုံးရခြင်းအကြောင်းက မျက်စိအမြင်ထဲမှာပုံပန်းသဏ္ဍာန်အရ ကြည်ညိုသပ္ပါယ ဖြစ် မယ့်ပုံကို ရွှေးချယ်ခြင်းဖြစ်မယ်လို့ ထင်မြင်မိပါတယ်။ တစ်ခြားအကြောင်းကြောင့်ဆိုရင် သိတဲ့သူ များဖြည့်စွက်ပေးကြစေလိုပါတယ်။ သိရှိရသလောက် ငှက်ပျောဖူးဟာ အထက်ကိုပဲ တသမတ်တည်းရှူးပြီး ထီးတော်ခုနှစ်ဆင့်အဖြစ်တက်သွားသလို သောတာပတ္တိမဂ်ဥာဏ်ရပြီးသားသူဟာလဲ အထက်မဂ်ဖိုလ် ၇ဆင့် ဆီကိုတသမတ်တည်းအစဉ်လိုက် ရရှိ ရောက်ရှိသွားတဲ့သဘောကို ဖော်ကျူးတဲ့အနေနဲ့ ငှက်ပျောဖူးကို ကြာလှန်နဲ့ ထီးတော်၇ဆင့်ကြား အချိတ်အဆက်မိမိ တည်ထား ဆောက်လုပ် ထားတယ်လို့ ဆိုပါတယ်။ ဒီ အကြောင်းကို ရွှေတိဂုံ ဘုရား သမိုင်း စာအုပ်ငယ်မှာ ဖတ်ရှုနိုင်ပါတယ် )


၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်းဖြစ်ပါတယ်


၁၂. ငှက်မြတ်နားဆိုသည်မှာ ဘုရား၊ ရဟန္တာတို့လက်ရှိဘ၀မှ နိဗ္ဗာန်သို့မ၀င်စံမီ (သို့မဟုတ်) ပရိနိဗ္ဗာန်မပြု မီခေတ္တခဏ နားနေရာအချိန်အခိုက်အတန့်ကိုပြဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရွှေတိဂုံဘုရား၏ထို ဟင်္သာ အမြီးပုံငှက်မြတ်နားတွင် ပတ္တမြားကိုထုလုပ်ထားသော ဘုရားရုပ်ပွားတော် လေးကိုမြုပ်နှံဌာပနာ ထားခြင်း သည် အဓိကသက်သေဖြစ်ကြောင်း၊ ငှက်မြတ်နားဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့ အများသူ ငါ တွေးထင်သလို ငှက်မြီးပုံကိုငှက်မြတ်များကို ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင် ပညာတွင်မြန် မာနိုင်ငံကို ကိုယ်စားပြုသော ဟင်္သာပုံနက္ခတ်ကိုယူကာ သည်စေတီကိုတည်ထားကိုးကွယ်သော မြန် မာနိုင်ငံသားများ၏ အစွမ်းအစကိုသမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း၊ ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ် အကျိုး အထွဋ်အထိပ်သို့ ရောက်ပါစေခြင်း အကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း။


၁၃. စိန်ဖူးတော်သည် အသင်္ခတဓာတ်နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း။ အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာ ဟာရတို့ဖြင့် ပြင်လို့ရနိုင်သေးသဖြင့်သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကားမည်သို့မျှပြန်လည် ပြုပြင်ပြောင်း လဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့် အသင်္ခတဓာတ်ဖြစ်ကြောင်းကိုရည်ညွှန်းခြင်း။

(က) ကာဗွန်ဒြပ်စင်သည် မီးသွေး၊ ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့် စိန်ဆိုပြီးလေးဆင့်ရှိရာတွင် စိန်အဆင့် တွင်ကာဗွန်ဒြပ်စင်သည် အသန့်စင်ဆုံးအဆင့်ရောက်နေပြီဖြစ်သလို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်နှင့် အရဟတ္တမဂ်ဖိုလ်ရပြီးသူ ဘုရား၊ ရဟန္တာတို့တွင်ထိပ်ဆုံးအဆင့်ဘုရားသည် ကိလေသာလုံးဝစင်ကြယ်ဆုံးအ ဆင့်ရောက်နေသည်ကို ပြဆိုခြင်း။

(ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့် ဓာတ်ပြိုကွဲမှုလုံးဝမရှိတော့ခြင်းဟူသော ဂုဏ်ရည်တူချင်း ခိုင်းနှိုင်းဥပ မာပေးထားခြင်း၊ သည်နေရာတွင်ငှက်မြတ်နားအဆင့်တွင် အခက်အလက်များမှာ ငှက်မြီးသဖွယ်ဖြာ ထွက်နေသော်လည်း စိန်ဖူးတော်ကိုဘာကြောင့် တလုံးတည်းထားသနည်းဟူ သောမေးခွန်းရှိလာပါသည်။ ရဟန္တာကိုယ်တော်ကြီး များသည်ကားအချင်းချင်းတွင် ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင်သူတို့အသီးသီး ပြုခဲ့ကြသော အကျိုးပေး အားလျော်စွာ ကွဲပြားခြားနားကြသော် လည်း နိဗ္ဗာန်သို့ဝင်စံတော်မူကြသည့် အခါတွင်ကား တူညီသော၊ တခုတည်းသော အသင်္ခတဓာတ်သို့ သာသက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်းထားခြင်းဖြစ်လေသည်။


၁၄. အထက်ပါအချက်များနဲ့ ပြည့်စုံပါက ထေရ၀ါဒဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့် မဟာသတိပဌာန သုတ္တန် ရဲ့ စံချိန်စံညွှန်းများနဲ့ဆောက်လုပ် တည်ထား ကိုးကွယ်သော စေတီဖြစ်ပြီး စေတီတည်ရခြင်းအကြောင်း အနှစ်တရားများကို သိရှိပြီး ကြည်ညို ပူဇော်ပါက အဖိုးမဖြတ် နိုင်သောအကျိုးကျေးဇူးတရားများ ခံစားကြရ မည် ဖြစ်လေသည်။ သို့သော် အထက်ပါအချက်များနဲ့မပြည့်စုံသော စေတီဖြစ်ပါက ဓာတ်ရိုက်၊ ဓာတ်ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့ တည်ထားသောစေတီမျှသာ ဖြစ်ကြောင်းသိရှိနိုင်ပါသည်။ ထိုစေတီ များကိုဖူးမြော်ပါက စီရင်သူရဲ့ရည်ရွယ်ချက်နှင့် ဖူးမြော်သူရဲ့စိတ်စေတနာ အလိုက်သာအကျိုး ပေးမည်ဟု မှတ်ယူ နိုင်မည်ထင်ပါသည်။

ထို့ပြင် ဘုရားများတွင်တွေ့ရလေ့ရှိသော တိုင်ထိပ်တွင်ဟင်္သာနားနေဟန်တံခွန်တိုင်အကြောင်း ကိုလည်းရှာ ရှာဖွေဖွေသိလိုက်ရသည်။ မာနတံခွန်တက်နေသူများ ဘုရားထံမှောက်ရောက်လိုလျှင် မာနကိုအရင်ချခဲ့ရန် သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်ကဘုရားသိုလာသူများသည် တံခွန်တိုင်ကို မြင်သည့်အရပ်မှစတင်ကာ မာန ချသည့်အနေဖြင့်ရော အရိုအသေပေးသည့် အနေဖြင့်ပါ ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊ မာနခံနေပါက တရားမ ရနိုင်ကြောင်း၊ မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသော သူများဖြစ်သောကြောင့် ငါစွဲ ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့် မာနကြီးသူသည်တရားရဖို့ ခဲယဉ်းကြောင်း၊ ယင်းမာနကိုဘုရားပေါ် မရောက် ခင်အဝေးကတည်းကသတိပေးသည့်အနေဖြင့်တံခွန်တိုင်ကိုမြင့်မြင့်တည်ထားခြင်းဖြစ်ကြောင်းသိရလေသည်။


သည်လောက်တောင် စေတီရဲ့အစိတ်အပိုင်းတစ်ခုချင်းစီအတွက်ရော၊ အားလုံးခြုံငုံပြီးပါ အနှစ်ပါပါအဓိပ္ပာယ် ရှိရှိပုံသဏ္ဍာန်များကို ရွေးချယ်စီစဉ်နိုင်သောရှေးမြန်မာကြီးများရဲ့ သင်္ကေတ၀ါဒကို အံ့သြချီးကျူးလို့မ ဆုံးနိုင်တော့ ပါချေ။ ထိုအဟောင်းများရဲ့အနှစ်များကိုမသိပါဘဲ လျက်ဖြစ်စေ၊ သိလျက်နဲ့ဖြစ်စေ ငါကအသစ် ထွင်တယ်ဆိုသောစကားကိုလက်ကိုင်ပြုပြီး အဟောင်းကိုဖျက်ဆီးကာ အသစ်ထွင်ခြင်း၊ အဟောင်းနဲ့ အသစ် ကိုရောခြင်းများကိုပညာမဲ့ပီပီ ပြုလုပ်နေကြသူတချို့ကိုတွေ့တိုင်းစိတ်မကောင်း ဖြစ်ရပါသည်။ သူတို့စိတ်ထဲ တွင်တော့သမိုင်းတွင် ငါ့ထက်တော်သူမရှိစေရ၊ ငါကသမိုင်းကို ဖျောက်ချင်သလို၊ ပြင်ချင်သလိုပြင်နိုင်သည် ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့အ၀ီစိကျမည့် သမိုင်းတရားခံများ ဟုသာ သတ်မှတ်ကာ သနားလေမည်။ အဟောင်းရဲ့အနှစ်သာရ ကိုအရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရ ထက်သာသော အသစ်ကိုထွင်နိုင်ပါမှ တိုးတက်ခြင်းအစစ် အဖြစ်ကြီး ဖြစ်ပေမည်။ သို့မဟုတ်ပဲ အသစ်ဖြစ် ပြီးရော လျှောက်လုပ်လျှင်ကား အသုံးမကျလှသော အစုတ်ပလုတ်များနှင့်သည်လို လျှောက်လုပ်ရင်အစုတ် ပလုတ်တွေ ဖြစ်ကုန်တတ်တယ်ဟု ဥပမာပြစရာများသာကျန်ခဲ့မည်ကိုလည်း သတိတရားရလိုက်ပါသည်။


ဤနေရာတွင် ယနေ့ခေတ် ရွှေတိဂုံစေတီတော်ကြီး အပါအ၀င် မြန်မာပြည်အရပ်ရပ်ရှိ ထေရ၀ါဒစေတီတော်
များတွင် အခြားသောအယူဝါဒများ၏ မိရိုးဖလာကိုးကွယ်ယုံကြည်မှုများဖြင့်စနစ်တကျ အပင်းသပ်ခံထား ရသော အချက်အလက်များကိုတင်ပြလိုပါသည်။ ယခုပိုစ့်တွင်အသေးစိပ်တင်ပြလိုသော်လည်း သီးခြားခေါင်း စဉ်ခွဲ၍တင်ပြလိုပါသည်။ မိမိထက်ပို၍နားလည်တတ်ကျွမ်းသောသူများမှလည်း ပိုစ့်များရေးသားစေလိုပါ သည် ။ ယင်းမှာ စေတီတော်အရပ် ( ၈) မျက်နှာရှိဂြိုလ်ခွင်များ ၊ ဘိုးတော်ရုပ်များ ၊ နတ်ကွန်းများ နှင့် အခြားသော ထေရ၀ါဒဗုဒ္ဓဘာသာ စေတီများ နှင့်အနည်းငယ်မျှသက်ဆိုင်ခြင်းမရှိသော ကိုးကွယ်ယုံကြည်မှု များမှာ ထေရ၀ါဒစေတီများပေါ်တွင် တရားဝင် ဗီဇာ ဖြင့်မတော်တရော်နေရာယူထားမှုများဖြစ်ပါသည်။

No comments:

Post a Comment